Friday, 11 January 2019

11-JAN-2018 (READING -XMAS 2-YC-C1)

Fri the 11th: 1 John 5:5-13; Ps 147:12-20; Luke 5:12-16

ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၅ (1 John 5:5-13);

၅ ယေရှုသည် ဘုရားသခင်၏ သားတော်ဖြစ်သည်ကို ယုံကြည်သောသူမှ တပါး၊ အဘယ်သူသည်လောကကို အောင်နိုင်သနည်း။
၆ ထိုသခင်ကား၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်င်း ကြွလာသောသူတည်းဟူသော ယေရှုခရစ် ပေတည်း။ ရေအားဖြင့် သာမဟုတ်၊ ရေအားဖြင့်၎င်း၊ အသွေးအားဖြင့်၎င်း ကြွလာတော်မူ၏။ သက်သေခံ ဟူမူကား၊ ဝိညာဉ်တော်သည် သမ္မာတရားဖြစ်၍ သက်သေခံတော်မူ၏။
၇ သို့ဖြစ်လျှင်၊ ကောင်းကင်ဘုံ၌ ခမည်းတော်တပါး၊ နှုတ်ကပတ်တော်တပါး၊ သန့်ရှင်းသောဝိညာဉ်တော်တပါး၊ သက်သေခံသုံးပါးရှိ၍ ထိုသုံးပါးတို့သည် တလုံးတဝတည်း ဖြစ်တော်မူ၏။
၈ မြေကြီးပေါ်၌လည်း ဝိညာဉ်တော်တပါး၊ ရေတပါး၊ အသွေးတပါး၊ သက်သေခံသုံးပါရှိ၍ ထိုသုံးပါးတို့ သည် တညီတညွတ်တည်းဖြစ်၏။
၉ လူ၏သက်သေကို ယုံရလျှင်၊ ဘုရားသခင်၏ သက်သေတော်ကို သာ၍ယုံဘွယ်ရာ အကြောင်းရှိ၏။ ယခုဆိုခဲ့ပြီးသော သက်သေကား၊ ဘုရားသခင်သည် မိမိသားတော်၏အကြောင်းကို သက်သေခံတော် မူချက်ဖြစ်သတည်း။
၁၀ ဘုရားသခင်၏ သားတော်ကိုယုံကြည်သောသူသည်၊ မိမိအထဲ၌ ထိုသက်သေကိုရ၏။ ဘုရားသခင်ကို မယုံကြည်သောသူမူကား၊ ဘုရားသခင်ကိုမုသာအပြစ်တင်၏။ အဘယ်သို့နည်းဟူမူကား၊ ဘုရားသခင် သည်မိမိသားတော်၏ အကြောင်းမှာ သက်သေခံတော်မူသောစကားတော်ကို ထိုသူသည် မယုံဘဲနေ၏။
၁၁ သက်သေခံတော်မူချက်ဟူမူကား၊ ဘုရားသခင် သည်ငါတို့အားထာဝရဘုရားအသက်ကို ပေးတော်မူ၍၊
၁၂ ထိုအသက်သည်လည်း သားတော်၌ပါ၏။ ဘုရားသခင်၏ သားတော်ကိုမရသောသူမူကားအသက်ကိုမရ။
၁၃ ဘုရားသခင်၏ သားတော်ကို ယုံကြည်သောသင်တို့သည် ထာဝရအသက်ကိုကိုယ်တိုင် ရသည်ဟုသိစေခြင်း ငှါ၊ ဤအရာအများကို သင်တို့အားငါရေး၍ပေးလိုက်၏။

 ဆာလံကျမ်း အခန်းကြီး ၁၄၇ (Ps 147:12-20);

၁၂ အိုယေရုရှလင်မြို့ ထာဝရဘုရားကို ချီးမွမ်းလော့၊၊ အိုဇိအုန်မြို့၊ သင်၏ ဘုရားသခင်ကို ချီးမွမ်းလော့၊၊
၁၃ အကြောင်းမူကား၊ သင်၏ တံခါးကန့်လန့်တို့ကို ခိုင်မာစေ၍ သင်၏ အထဲမှာ သားသမီးများကို ကောင်းကြီးပေး တော်မူ၏၊၊
၁၄ သင်၏ ပြည်စွန်းပြည်နားမှာ အမှုအရေးကို ငြိမ်းစေ၍ အကောင်ဆုံးသော စပါးနှင့်သင့်ကို ဝစွာကျွေးမွေး တော်မူ၏၊၊
၁၅ မြေကြီးပေါ်သို့ ဗျာဒိတ်တော်ကို လွှတ်တော်မူ၏၊၊ နှုတ်ကပတ်တော်သည် အလျှင်အမြန်ပြေးတတ်ပါ၏။
၁၆ မိုဃ်းပွင့်ကို သိုးမွေးကဲ့သို့ ချတော်မူ၏၊၊ နှင်းခဲကိုလည်း ပြာကဲ့သို့ ဆွတ်ဖြူတော်မူ၏၊၊
၁၇ မိမိမိုဃ်းသီးကို စားနုတ် စားပေါက်ကဲ့သို့ လွှတ်တော်မူ၍ ချမ်းစေတော်မူခြင်းကို အဘယ်သူ ခံနိုင်သနည်း၊၊
၁၈ တဖန် နှုတ်ကပတ်တော်ကို လွှတ်၍ ထိုမိုဃ်းပွင့်အစရှိသည်တို့ကို အရည်ကျိုတော်မူ၏၊၊ မိမိလေကို လာစေတော်မူသဖြင့် ရေတို့သည် စီးကြ၏၊
၁၉ နှုတ်ကပတ်အမိန့်တော်ကို ယာကုပ်အမျိုး၌၎င်း၊ စီရင်ထုံးဖွဲ့ချက်များကို ဣသရေလအမျိုး၌၎င်း ဘော်ပြ တော်မူ၏။
၂၀ အခြားတပါးသော အမျိုးသားတို့၌ ထိုသို့ပြုတော်မမူ၊ စီရင်တော်မူချက်များကို  သူတို့မသိရကြ၊၊ ဟာလေလုယ။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၅ (Luke 5:12-16);

၁၂ ကိုယ်တော်သည် မြို့တမြို့၌ရှိတော်မူစဉ်၊ တကိုယ်လုံးနူနာစွဲသော သူတယောက်သည် ကိုယ်တော်ကို မြင်လျှင် ပြပ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။
၁၃ ယေရှုကလည်း၊ ငါအလိုရှိ၏။ သန့်ရှင်းခြင်းသို့ရောက်စေဟု မိန့်တော်မူလျက်၊ လက်တော်ကိုဆန့်၍ ထိုသူကို တို့တော်မူ၏။ ထိုခဏခြင်းတွင် နူနာပျောက်လေ၏။
၁၄ ယေရှုကလည်း၊ ဤအကြောင်းအရာကို အဘယ်သူအားမျှ မပြောနှင့်။ ယဇ်ပုရောဟိတ်ထံသို့သွား၍ ကိုယ်ကိုပြလော့။ သူတပါး၌သက်သေဖြစ်စေခြင်းငှါ သန့်ရှင်းခြင်းသို့ ရောက်သည်အတွက် မောရှေစီရင်မှာထားသော ပူဇော်သက္ကာကိုဆက်လော့ဟု မိန့်တော်မူ၏။
၁၅ သို့သော် လည်း သိတင်းတော်သည်သာ၍ ကျော်စောသဖြင့်၊ များစွာသောလူအပေါင်းတို့သည် တရားနာလိုသောငှါ၎င်း၊ အနာရောဂါ ငြိမ်းစေခြင်း ကျေးဇူးတော်ကို ခံလိုသောငှါ၎င်း စုဝေးလျက်ရှိကြ၏။
၁၆ ကိုယ်တော်သည် တောအရပ်သို့ ကြွ၍ ဆုတောင်းလေ့ရှိတော်မူ၏။