Sunday, 20 January 2019

20-JAN-2018 (READING -ORD 2-YC-C1)

Sun the 20th: Psalter II, Ordinary Time Week 2.
(Optional memorial of Fabian, pope and martyr.)
(Optional memorial of Sebastian, martyr.)
Isa 62:1-5; Ps 96:1-10; 1 Cor 12:4-11; 2 Thess 2:14; John 2:1-11

ဟေရှာယအနာဂတ္တိကျမ်း အခန်းကြီး ၆၂(Isa 62:1-5);

၁ ဇိအုန်မြို့တည်းဟူသော ယေရုရှလင်မြို့၏ ဖြောင့်မတ်ခြင်းသည် ရောင်ခြည်ကဲ့သို့င်း၊ သူ၏ ကယ်တင် ခြင်းသည် ထွန်းတောက်သော ဆီမီးခွက်ကဲ့သို့င်း၊ မထင်ရှားမှီတိုင်အောင် ထိုမြို့အတွက်ငါသည် တိတ်ဆိတ် ငြိမ်သက်စွာ မနေရ။
၂ တပါးအမျိုးသားတို့သည် သင်၏ဖြောင့်မတ်ခြင်းကိုင်း၊ ရှင်ဘုရင်အပေါင်းတို့သည် သင်၏ ဘုန်းအသေရေကိုင်း မြင်ကြရလိမ့်မည်။ ထာဝရဘုရား၏ နှုတ်တော်ထွက် နာမသစ်ဖြင့်သင့်ကိုခေါ်ကြလိမ့်မည်။
၃ သင့်သည်ထာဝရဘုရား၏ လက်တော်၌ တင့်တယ်သောဦးရစ်၊ သင်၏ဘုရားသခင် ကိုင်တော်မူသော မင်းမြောက်သရဖူဖြစ်လိမ့်မည်။
၎ သင့်ကို၊ စွန့်ပစ်သောသူ ဟူ၍င်း၊ သင်၏မြေကို၊ လူဆိတ်ညံသော မြေဟူ၍င်း၊ နောက်တဖန်မခေါ်ရ။ သင်သည် ငါနှစ်သက်သောသူ၊ သင်၏မြေသည် လက်ထပ်သော မြေဟူသောအမည်ကို ရလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် သင့်ကို နှစ်သက်တော် မူ၏။ သင်၏မြေကို လည်း လက်ထပ်ရလိမ့်မည်၊၊
၅ လူပျိုသည် အပျိုကညာနှင့် လက်ထပ်သကဲ့သို့၊ သင်၏သားတို့သည် သင်နှင့် လက်ထပ် ကြလိမ့်မည်၊၊ မင်္ဂလာဆောင်လုလင်သည် မင်္ဂလာဆောင် သတိုးသမီး၌ ဝမ်းမြောက်သကဲ့သို့၊ သင်၏ ဘုရားသခင် သင်၌ ဝမ်းမြောက်တော်မူလိမ့်မည်၊၊           


ဆာလံကျမ်း အခန်းကြီး ၉၆(Ps 96:1-10);

၁ ထာဝရဘုရားအား အသစ်သော သီချင်းကို ဆိုကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရား အား သီချင်းဆိုကြလော့။
၂ ထာဝရဘုရားအား သီချင်းဆို၍၊ နာမတော်ကို ကောင်းကြီးပေးကြလော။့ ကယ်တင်တော်မူခြင်း တရားကို တနေ့ထက်တနေ့ ညွှန်ကြားကြလော့။
၃ ဘုန်းတော်ကို တပါးအမျိုးသား တို့၌၎င်း၊ အံ့ဘွယ်သော အမှု တော်တို့ကို ခပ်သိမ်းသော လူမျိုးတို့၌၎င်းဖော်ပြကြလော့။
၎ ထာဝရဘုရားသည် ကြီးမြတ်၍ အလွန်းချီးမွမ်းဘွယ် ဖြစ်တော်မူ၏။ ဘုရားတကာတို့ထက် ကြောက်ရွံ့ဘွယ် ဖြစ်တော်မူ၏။
၅ တပါးအမျိုးသားတို့၏ ဘုရားရှိသမျှတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ ထာဝရဘုရားမူကား၊ မိုဃ်းကောင်းကင်ကို ဖန်ဆင်းတော်မူ၏။
၆ ဘုန်းတန်ခိုး အာနုဘော်သည် ရှေ့တော်၌ရှိ၏။ အစွမ်းသတ္တိနှင့် ဂုဏ်အသရေလည်း သန့်ရှင်းရာ ဌာနတော်၌ ရှိ၏။
၇ လူအမျိုးမျိုးတို့၊ ထာဝရဘုရားသည် ဘုန်းတန်ခိုးအစွမ်းသတ္တိ ရှိတော်မူသည်ဟု ဝန်ခံကြလော့။ ရှိတော်မူ သည်ဟု ဝန်ခံကြလော့။
၈ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု ဝန်ခံကြလော့။ ပူဇော်သက္ကာကို ဆောင်ခဲ့လျက် တန်တိုင်းတော်သို့ ဝင်ကြလော့။
၉ သန့်ရှင်းသော တန်ဆာကိုဆင်၍၊ ထာဝရဘုရားကို ကိုးကွယ်ကြ လော့။ မြေကြီးသား အပေါင်းတို့၊ ရှေ့တော်၌ ကြောက်ရွံ့ခြင်းရှိကြလော့။
၁၀ ထာဝရဘုရား စိုးစံတော်မူသည်ဟု တပါးအမျိုးသားတို့တွင် ဟောပြောကြလော့။ လောကဓါတ်သည် မလှုပ်ရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်။ လူများ ကို ဖြောင့်မတ်စွာ တရားစီရင်တော်မူလိမ့်မည်။

ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၁၂ (1 Cor 12:4-11);

၎ ဆုကျေးဇူးတော် အထူးထူးအထွေထွေရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်းရှိ၏။
၅ ဓမ္မဆရာအမှု အထူးထူးအထွေထွေ ရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။
၆ ပြုပြင်ခြင်းအမှုအထူးထူး အထွေထွေရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင်တော်မူသော ဘုရားသခင်တပါး တည်းရှိ၏။
၇ ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ် တော်ကို လူအသီးသီးတို့အား ထင်ရှားစွာပေး တော်မူလျက်ရှိ၏။
၈ အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကိုပေး တော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ထိုးထွင်းခြင်း တရားကို ပေးတော်မူ၏။
၉ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ယုံကြည် ခြင်းကိုပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။
၁၀ တယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက် ပြုနိုင်သောအခွင့်ကို၎င်း၊ တယောက်သော သူအား စိတ်ဝိညာဉ်တို့ကို ပိုင်းခြား၍သိနိုင်သောအခွင့်ကို၎င်း၊ တယောက် သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သောအခွင့်ကို၎င်း၊ တယောက်သောသူအား ထိုဘာသာ စကား၏အနက်ကို ဘော်ပြနိုင်သောအခွင့်ကို၎င်း ပေးတော်မူ၏။
၁၁ ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးသီးတို့အား အသီးသီးခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။

သက်သာလောနိတ်သြဝါဒစာဒုတိယစောင် အခန်းကြီး ၂ (2 Thess 2:14);

၁၄ ထိုသို့ အလိုငှါ ငါတို့ဧဝံဂေလိတရားအားဖြင့် သင်တို့ကိုခေါ်တော်မူပြီ။ အကြောင်းမူကား၊ သင်တို့သည် ငါတို့သခင်ယေရှုခရစ်၏ ဘုန်းကိုပိုင်ရမည်အကြောင်းတည်း။


ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၂(John 2:1-11 )

၁ သုံးရက်မြောက်သောနေ့၌ ဂါလိလဲပြည် ကာနမြို့တွင် မင်္ဂလာဆောင်ပွဲကိုခံကြစဉ်၊ ထိုပွဲ၌ ယေရှု၏မယ်တော် ရှိ၏။
၂ ယေရှုနှင့် တပည့်တော်တို့ကိုလည်း ထိုပွဲသို့ ခေါ်ပင့်ကြ၏။
၃ စပျစ်ရည်ကုန်သောအခါ၊ ယေရှု၏မယ်တော်က၊ စပျစ်ရည်မရှိဟုကြားပြော၏။
၎ ယေရှုကလည်း၊ အချင်းမိန်းမ၊ သင်သည်ငါနှင့် အဘယ် သို့ဆိုင်သနည်း။ ငါ့အချိန် မရောက်သေးဟု မိန့်တော်မူ၏။
၅ မယ်တော်ကလည်း၊ သူစေခိုင်းသမျှတို့ကို ပြုကြလော့ဟု အစေခံတို့အား ဆိုလေ၏။
၆ ယုဒဘာသာအလျောက် စင်ကြယ်ခြင်းအဘို့အလိုငှာ၊ ထိုအရပ်၌ နှစ်တင်း သုံးတင်းခန့်ဝင်သော ကျောက်အိုး စရည်းခြောက်လုံးထားလျက်ရှိ၏။
၇ ယေရှုကလည်း၊ ဤရေအိုး တို့ကို ရေဖြည့်ကြဟု အစေခံတို့အား မိန့်တော်မူလျှင်၊ ထိုသူတို့သည် လျှံမတတ်ဖြည့်ကြ၏။
၈ ယခုခပ်၍ ပွဲအုပ်ထံသို့သွင်းကြလော့ဟု မိန့်တော်မူသည်အတိုင်း သွင်းကြ၏။
၉ ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကိုခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည်မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍၊
၁၀ အခြားသော သူမည်သည်ကား၊ ရှေ့ဦးစွာကောင်းသောစပျစ်ရည်ကိုထည့်၍ ဝစွာသောက်ကြပြီးမှ ညံ့သောစပျစ်ရည်ကို ထည့်လေ့ရှိ၏။ သင်မူကား၊ ကောင်းသောစပျစ်ရည်ကို ယခုတိုင်အောင်သိုထားပြီဟု ဆို၏။
၁၁ ထိုသို့ယေရှုသည် ရှေ့ဦးစွာသော ဤနိမိတ်လက္ခဏာကို ဂါလိလဲပြည်၊ ကာနမြို့၌ပြ၍ မိမိဘုန်းတော်ကိုထင်ရှားစေတော်မူ၏။ တပည့်တော်တို့သည်လည်း ယုံကြည်ကြ၏။