Sat the 12th: 1 John 5:14-21; Ps 149:1-9; John 3:22-30
ရှင်ယောဟန်သြဝါဒစာပဌမစောင် အခန်းကြီး ၅ (1 John 5:14-21);
၁၄ ငါတို့သည် ဘုရားသခင့် အထံတော်၌ရဲရင့်ခြင်းအကြောင်း ဟူမူကား၊ ငါတို့သည်အလိုတော်နှင့် အညီတစုံတခုသောဆုကို တောင်း လျှင်၊ ဘုရားသခင်သည် နားထောင်တော်မူ၏။
၁၅ ဆုတောင်းသမျှသော စကားတို့ကို နားထောင်တော် မူသည်ကိုငါတို့သိလျှင်၊ အထံတော်၌ တောင်းသောဆုတို့ကို ရမည်ဟု သိရကြ၏။
၁၆ ညီအစ်ကိုချင်းသည် သေပြစ်မသင့်သော ဒုစရိုက်ကို ပြုမိသည်ကို တစုံတယောက် သောသူသည် မြင်လျှင်၊ ထိုသူသည်ဆုတောင်း ရမည်။ သေပြစ်ကို မပြုသောသူတို့အဘို့အလိုငှါ၊ ဘုရားသခင်သည် ထိုသူအားအသက်ကို ပေးတော်မူမည်။ သေပြစ်သင့်သော ဒုစရိုက်ရှိ၏။ ထိုဒုစရိုက် အပြစ်ကို လွှတ်စေခြင်းငှါ ဆုတောင်းရမည်ဟုငါမဆို။
၁၇ မတရားသောအမှုမည်သည်ကား ဒုစရိုက်ဖြစ်၏။ သို့သော်လည်း သေပြစ်မသင့်သောဒုစရိုက်ရှိ၏။
၁၈ ဘုရားသခင်၏ သားဖြစ်သမျှသောသူတို့သည် ဒုစရိုက်ကို မပြုတတ်သည်ကို ငါတို့သိကြ၏။ ဘုရားသခင် ဖြစ်ဘွားစေတော်မူသည်၊ မိမိကိုမိမိစောင့်ရှောက်သဖြင့်၊ မာရ်နတ်သည် ထိုသူကို မထိမခိုက်နိုင်ရာ။
၁၉ ငါတို့သည် ဘုရားသခင်နှင့် စပ်ဆိုင်သည်ကို၎င်း၊ လောကီသားအပေါင်းတို့သည် မာရ်နတ်၏ လက်၌ရှိကြသည်ကို၎င်းငါတို့သိကြ၏။
၂၀ ဘုရားသခင်၏ သားတော်သည်ကြွလာ၍၊ မှန်သော ဘုရားသခင် ကိုသိသောဥာဏ်ကို ငါတို့အားပေးတော်မူသည်ကိုလည်း ငါတို့သိကြ၏။ မှန်သောဘုရားသခင်၌၎င်း၊ သားတော် ယေရှုခရစ်၌၎င်း ငါတို့သည်တည်လျက်ရှိကြ၏။ ထိုသူသည်မှန်သော ဘုရားသခင်ဖြစ်တော်မူ၏။ ထာဝရအသက် လည်းဖြစ်တော်မူ၏။
၂၁ ချစ်သားတို့ရုပ်တုဆင်းတုကို ကြဉ်ရှောင်ကြလော့။
ဆာလံကျမ်း အခန်းကြီး ၁၄၉ (Ps 149:1-9);
၁ ထာဝရဘုရားရှေ့တော်၌ အသစ်သော သီချင်းကို ဆို၍ သန့်ရှင်းသူတို့ စည်းဝေးရာ၌ ဂုဏ်တော်ကို ချီးမွမ်းကြလော့၊၊
၂ ဣသရေလအမျိုးသည် မိမိကို ဖန်ဆင်းတော်မူသောဘုရားကို အမှီပြု၍ ဝမ်းမြောက်စေ၊၊ ဇိအုန် သားတို့သည် မိမိရှင်ဘုရင်ကို အမှီပြု၍ ရွှင်လန်းကြစေ၊၊
၃ သူတို့သည် ကခုန်လျက် နာမတော်ကို ချီးမွမ်းကြစေ၊၊ ပတ်သာနှင့် စောင်းကိုတီးလျက် ထောမနာသီချင်းဆိုကြစေ၊၊
၎ အကြောင်းမူကား၊ ထာဝရဘုရားသည် မိမိလူစုကို နှစ်သက်တော်မူ၏၊၊ စိတ်နှိမ့်ချသော သူတို့ကို ကယ်တင်ခြင်းအားဖြင့် အသရေတင့်တယ်စေတော်မူ၏၊၊
၅ သန့်ရှင်း သောသူတို့သည် ဘုန်းကြီး၍ ဝမ်းမြောက်ဝမ်းသာကြစေ၊၊ ကျိန်းဝပ်ရာပေါ်မှာ ရွှင်လန်းစွာ သီချင်းဆိုကြစေ၊၊
၆ တပါး အမျိုးသားတို့တွင် တရားအတိုင်းအပြစ်ပေး၍ လူစုတို့အား ဒဏ်ခတ်ခြင်းငှါ၎င်း၊ သူတို့၏ ရှင်ဘုရင်များကို သံကြိုးနှင့် ချည်နှောင်၍ ၊ မူးမတ်များကို သံခြေချင်းခတ်ခြင်းငှါ၎င်း၊ ကျမ်းစာ၌ မှတ်သားသော အပြစ်စီရင်ခြင်းကို သူတို့အားပြုခြင်း ငှါ ၎င်း၊ သန့်ရှင်းသောသူတို့သည် ဘုရားသခင်၏ ဂုဏ်တော်ကို နှုတ်နှင့် ချီးမွမ်း၍ သန်လျက်ကို လက်နှင့်ကိုင်ကြစေ၊ ထာဝရဘုရား၏ သန့်ရှင်းသောသူအပေါင်းတို့သည် ထိုသို့သော ဘုန်းနှင့်ဆိုင်ကြ၏၊၊ ဟာလေလုယ၊၊
ရှင်ယောဟန်ခရစ်ဝင် အခန်းကြီး ၃ (John 3:22-30);
၂၂ ထိုနောက်မှ ယေရှုသည် တပည့်တော်တို့နှင့်အတူ ယုဒပြည်၏ကျေးလက်သို့ ကြွတော်မူလျှင်၊ ထိုအရပ်၌ တပည့်တော်တို့နှင့်တကွ နေတော်မူ၍ ဗတ္တိဇံ ကိုပေးလေ၏။
၂၃ ယောဟန်သည်လည်း၊ ရှာလိမ်မြို့နှင့်အနီး အဲနုန်အရပ်၌ ရေများသောကြောင့်၊ ဗတ္တိဇံ ကိုပေး၍နေသဖြင့်၊ လူများတို့သည် လာ၍ ဗတ္တိဇံ ကို ခံကြ၏။
၂၄ ယောဟန်သည် ထောင်ထဲသို့မရောက်သေး။
၂၅ ထိုအခါ ယောဟန်၏တပည့်တို့သည် စင်ကြယ်ခြင်းကို အကြောင်းပြု၍ ယုဒလူနှင့် ဆွေးနွှေးငြင်းခုံခြင်း ရှိကြသဖြင့်၊
၂၆ ယောဟန်ထံသို့လာ၍၊ အရှင်ဘုရား၊ ယော်ဒန်မြစ်တဘက်၌ ကိုယ်တော်နှင့်တကွရှိ၍ ကိုယ်တော် သက်သေပေးသောသူသည် ဗတ္တိဇံ ကို ပေးလျက်နေ၏။ ထိုသူထံသို့ လူအပေါင်းတို့သည် ရောက်ကြပါ၏ဟု လျှောက်လျှင်၊
၂၇ ယောဟန်က၊ ကောင်းကင်ဘုံမှ ပေးတော်မမူလျှင် လူသည်အဘယ်အရာကိုမျှ မခံနိုင်ရာ။ ငါသည် ခရစ်တော်မဟုတ်။
၂၈ ခရစ်တော်ရှေ့၌ စေလွှတ်သော သူဖြစ်သည်ဟု ငါဆိုသည်ကို သင်တို့သည် ငါ၏သက်သေ ဖြစ်ကြ၏။
၂၉ မင်္ဂလာဆောင် သတို့သမီးကိုရ သောသူသည် မင်္ဂလာဆောင်လုလင်ဖြစ်၏။ မင်္ဂလာဆောင်လုလင်၏ အနားမှာနေ၍ သူ၏စကားကို ကြားရသောအဆွေခင်ပွန်းသည် ထိုစကားသံကိုကြားသောအားဖြင့် ဝမ်းမြောက်ခြင်းရှိ၏။ ထိုနည်းတူ ငါ့၏ဝမ်းမြောက်ခြင်းပြည့်စုံ၏။
၃၀ ထိုသခင်သည် တိုးပွားခြင်းရှိရမည်။ ငါမူကား ဆုတ်ယုတ်ခြင်း ရှိရမည်။