Tuesday, 10 October 2017

10-OCT-2017 (READING -ORD27-YA-C1)

Tue the 10th: Jonah 3:1-10; Ps 130:1-8; Luke 11:28; Luke 10:38-42

ယောနဝတ္ထု အခန်းကြီး (Jonah 3:1-10);

နောက်တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယောနသို့ရောက်လာသည်ကား၊
သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမှာထားသည်အတိုင်း ကြွေးကြော်လော့ဟု မိန့်တော်မူ၏။
ထိုအခါ ထာဝရဘုရား ၏အမိန့်တော်အတိုင်း ယောနသည်ထ၍ နိနေဝေမြို့သို့သွား၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့၊ သုံးရက်ခရီး  ကျယ်ဝန်းသောမြို့ဖြစ်သတည်း။
ယောနသည် မြို့ထဲသို့ဝင်၍ တနေ့ခရီးသွားလျက်၊ အရက်လေးဆယ်လွန်သော်၊ နိနေဝေမြို့သည် ပျက်ဆီးခြင်းသို့ ရောက်လိမ့်မည်ဟု ကြွေးကြော်လေ၏။
နိနေဝေမြို့သားတို့သည် ဘုရားသခင်၏အမိန့်တော်ကို ယုံ၍၊ လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင် ရာ အချိန်ကိုကြော်ငြာ၍ လျော်တေအဝတ်ကို ဝတ်ကြ၏။
နိနေဝေမင်းကြီးသည် ထိုသိတင်းကို ကြားသောအခါ နန်းတော်မှဆင်း၍ မင်းမြောက်တန်ဆာကို ချွတ်ပြီးမှ၊ လျော်တေအဝတ်ကိုဝတ်၍ ပြာထဲ၌ ထိုင်တော်မူ၏။
လူသတ္တဝါ တိရစ္ဆာန် သိုးနွားတို့သည် အလျှင်းမမြည်စေနှင့်။ အစာကို မစား၊ ရေကိုမသောက်စေနှင့်။
လူသတ္တဝါတိရစ္ဆာန် တို့သည် လျော်တေအဝတ်ကို ဝတ်ကြစေ။ ကြိုးစား၍ ဘုရားသခင်ကို ဆုတောင်းကြစေ။ အသီးအသီးတို့သည် မိမိတို့လိုက်သော အဓမ္မလမ်း၊ မိမိတို့ပြုသော အဓမ္မအမှုကို ရှောင်ကြစေ။
ငါတို့သည် ပျက်ဆီးခြင်းနှင့် ကင်းလွတ် မည်အကြောင်း၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရသဖြင့်၊ ပြင်းစွာသောအမျက်တော်ကို ငြိမ်းစေတော် မူမည် မမူမည်ကို အဘယ်သူပြောနိုင်သနည်းဟု မင်းကြီးအာဏာ၊ မှူးမတ်အာဏာနှင့် နိနေဝေတမြို့လုံးတွင် သိတင်း ကြားပြော၍ ကြော်ငြာစေတော်မူ၏။
၁၀ မြို့သားတို့သည် မိမိတို့လိုက်သော အဓမ္မလမ်းကိုလွှဲရှောင်၍၊ ကျင့်သော အကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ အရင်ခြိမ်းသော ဘေးဒဏ်ကိုမပေးဘဲ နေတော်မူ၏။

ဆာလံကျမ်း အခန်းကြီး ၁၃၀ (Ps 130:1-8);

အိုထာဝရဘုရား၊ နက်နဲရာထဲက ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။
အိုထာဝရဘုရား၊ အကျွန်ုပ်၏ စကားသံကို ကြား၍၊ အကျွန်ုပ်ဆုတောင်းပဌာပြုသံကို နားညောင်းတော်မူပါ။
အိုဘုရားရှင် ထာဝရဘုရား၊ ကိုယ်တော်သည် ဒုစရိုက်အပြစ်များကို မှတ်တော်မူလျှင် အဘယ်သူသည် ခံရပ်နိုင်ပါမည်နည်း။
ကိုယ်တော်ကို ကြောက်ရွံ့စရာ အကြောင်းရှိစေခြင်းငှာ၊ အပြစ်လွှတ်ခြင်း အခွင့်ကို ပိုင်တော်မူ၏။
ထာဝရဘုရားကို ငါစောင့်လျက် နေ၏။ ငါ့ဝိညာဉ်သည် စောင့်လျက်နေ၏။ နှုတ်ကပတ်တော်ကို ငါမြော်လင့်၏။
နံနက်ကို မြော်လင့်သော သူတို့ ထက်မက၊ ငါ့ဝိညာဉ်သည် ဘုရားရှင်ကိုမျှော်လင့်လျက် နေ၏။
ဣသရေလ အမျိုးသည် ထာဝရဘုရားကို မြော်လင့်ပါစေ။ အကြောင်းမူကား၊ ထာဝရဘုရား၌ ကရုဏာရှိ၏။ များစွာသော ရွေးနှုတ်ခြင်း ကျေးဇူးရှိ၏။
ဣသရေလအမျိုးကို ခပ်သိမ်းသော ဒုစရိုက်အပြစ်တို့ အထဲက ရွေးနှုတ်တော် မူလိမ့်မည်။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၁ (Luke 11:28);

၂၈ ကိုယ်တော်က၊ ဘုရားသခင်၏ နှုတ်ကပတ် တရားတော်ကိုနာ၍ ကျင့်စောင့်သော သူသည်မြတ်စွာသောမင်္ဂလာရှိသည်ဟု မိန့်တော်မူ၏။

ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၀ (Luke 10:38-42);

၃၈ ယေရှုသည် တပည့်တော်တို့နှင့်ခရီးသွားကြစဉ် ရွာတရွာသို့ဝင်တော်မူ၍၊ မာသအမည်ရှိသော မိန်းမတဦးသည် မိမိအိမ်၌ ကိုယ်တော်ကိုဧည့်ခံလေ၏။
၃၉ ထိုမိန်းမ၌ မာရိအမည်ရှိသောညီမတယောက်ရှိ၏။ ထိုမာရိသည် ယေရှု၏ခြေတော်ရင်း၌ ထိုင်၍စကားတော်ကိုနားထောင်လျက်နေ၏။
၄၀ မာသမူကား လုပ်ကြွေးခြင်း အမှုများ၌စိတ်ပူပန်ခြင်းရှိသဖြင့် အထံတော်သို့ချဉ်းကပ်၍၊ သခင်၊ ကျွန်မ၏ညီမသည် ကျွန်မတယောက်တည်း လုပ်ကျွေးစေခြင်းငှါ ကျွန်မကိုပစ်ထားသည်အရာကို လျစ်လျူသောစိတ်ရှိတော်မူ သလော။ သူသည်ကျွန်မကို ကူညီမည်အကြောင်း အမိန့်ရှိတော်မူပါဟု လျှောက်သော်၊
၄၁ ယေရှုက၊ မာသ၊ မာသ၊ သင်သည်များစွာသောအမှုတို့၌ စိုးရိမ်၍နှောင့်ရှက်ခြင်းကိုခံရ၏။ လိုသောအရာတခုတည်းရှိ၏။
၄၂ မာရိမူကား၊ ကောင်းသောအဘို့ကိုရွေးယူပြီ။ ထိုအဘို့ကို အဘယ်သူမျှ နှုတ်မယူရာဟုမိန့်တော်မူ၏။