Fri the 20th: Rom 4:1-8; Ps 32:1-11; Ps 33:22; Luke 12:1-7
ရောမသြဝါဒစာ အခန်းကြီး ၄ (Rom 4:1-8);
၁ ထိုသို့ဖြစ်လျှင်၊ ငါတို့အဘ အာဗြဟံသည် ဇာတိပကတိအားဖြင့် အဘယ်အကျိုးကိုရသနည်း။
၂ အာဗြဟံသည် အကျင့်အားဖြင့် ဖြောင့်မတ်ရာသို့ရောက်သည်မှန်လျှင် ဝါကြွားစရာအကြောင်းရှိ၏။ ဘုရားသခင့် ရှေ့တော်၌ ထိုသို့မဟုတ်။
၃ ကျမ်းစာ၌အဘယ်သို့လာသနည်း။ အာဗြဟံသည် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်၍၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်တော်မူ၏။
၎ အကျင့်ရှိသောသူ မည်သည်ကား၊ ကျေးဇူးအားဖြင့် အကျိုးကိုခံရသည်မဟုတ်။ ခံထိုက်သောအားဖြင့် ခံရ၏။
၅ အကျင့်မရှိသော သူမည်သည်ကား၊ မတရားသောသူ၏အပြစ်ကိုဖြေသောသူကို ယုံကြည်လျှင်၊ သူ၏ယုံကြည်ခြင်းကို ဖြောင့်မတ်ခြင်းကဲ့သို့ မှတ်လျက်ရှိ၏။
၆ ထိုအတူ၊ ဘုရားသခင်သည် အကျင့်ကိုမထောက်ဘဲလျက် ပေးတော် မူသော ဖြောင့်မတ်ခြင်းကိုရသောသူ၏ မင်္ဂလာကို ဒါဝိဒ်သည် ရည်မှတ်၍ဆိုသည်ကား၊
၇ အပြစ်မှလွှတ်ခြင်း၊ ဒုစရိုက်အပြစ်ကို ဖုံးအုပ်ခြင်းသို့ ရောက်သောသူတို့သည် မင်္ဂလာရှိကြ၏။
၈ ထာဝရဘုရား အပြစ်တင်တော်မူ ခြင်းနှင့် လွတ်သောသူသည် မင်္ဂလာရှိ၏ဟု ပြောဆိုသတည်း။
ဆာလံကျမ်း အခန်းကြီး ၃၂ (Ps 32:1-11);
၁ အပြစ်မှလွှတ်ခြင်း ဒုစရိုက်အပြစ်ကိုဖုံးအုပ်ခြင်းသို့ ရောက်သောသူသည်မင်္ဂလာရှိ၏၊၊
၂ ထာဝရဘုရား အပြစ်တင်တော်မူခြင်းနှင့် လွတ်၍လှည့်စားတတ်သော စိတ်သဘောထားနှင့် ကင်းစင်သောသူသည် မဂ်လာရှိ၏၊၊
၃ ငါသည်အပြစ်ကို မဘော်မပြဘဲ နေစဉ်အခါတနေ့လုံး ညည်းတွားသောအားဖြင့် ငါ့အရိုးတို့သည် ဆွေးမြေ့ ခြင်းသို့ရောက်ရ၏၊၊
၎ နေ့ညဥ့်မပြတ် ကိုယ်တော်၏လက်သည် အကျွန်ုပ်ပေါ်မှာလေး၍ အကျွန်ုပ်၏ချွေးသည် နွေကာလ၌ သွေ့ခြောက်ခြင်းကဲ့သို့ ဖြစ်ပါ၏၊၊
၅ တဖန်အကျွန်ုပ်သည် ကိုယ်အပြစ်ကို ရှေ့တော်၌ ဝန်ချပါ၏၊၊ ပြုမိသောဒုစရိုက်ကို ဝှက်၍မထားပါ၊၊ ငါလွန်ကျုးသောအရာကို ထာဝရဘုရားအား ဘော်ပြတောင်းပန်မည်ဟု ပြောဆိုသောအခါ ကိုယ် တော်သည်အကျွန်ုပ်ပြစ်မှားခြင်း အပြစ်ကိုလွှတ်တော် မူ၏၊၊
၆ ထို့ကြောင့်ကိုယ်တော်ကို တွေ့သင့်သောအချိန်ကာလ၌ သန့်ရှင်းသူအပေါင်းတို့သည်ရှေ့တော်၌ တောင်းလျှောက် ကြပါလိမ့်မည်၊၊ အကယ်စင်စစ် လွှမ်းမိုးတတ်သော ရေကြီးသည် သူတို့ထံသို့မချဉ်းရပါ၊၊
၇ ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာ ဖြစ်တော်မူ၏၊၊ အကျွန်ုပ်ကို ဘေးလွတ်စေ ခြင်းငှါ ကွယ်ကာစောင့်မ တော်မူ၏၊၊ ကယ်လွှတ်ကြောင်းကို ဆိုသောသီချင်းနှင့် အကျွန်ုပ်ကို ခြံရံစေတော်မူ၏၊၊
၈ သင့်ကိုငါသွန်သင်မည်၊၊ သင်သွားရမည် လမ်းကိုပြတော်မူမည်၊၊ သင့်ကိုကြည့်ရှု့ ပြုစုမည်၊၊ ဥာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်နှင့်၊၊
၉ သူသည်သင့်ထံသို့ မချဉ်းကပ်သောကြောင့် ပစပ်ကိုဇက်ခွံ၍ ဇက်ကြိုးနှင့်ဆွဲရမည်၊၊
၁၀ မတရားသောသူသည် ဒုက္ခများစွာကိုခံရမည်၊၊ ထာဝရဘုရား၌ ကိုးစားသော သူသည်ကား ကရုဏာတော်သည် ဝန်းရံတတ်၏၊၊
၁၁ ဖြောင်မတ်သောသူတို့ ထာဝရဘုရား၌ ဝမ်းမြောက်ရွှင်လန်းကြလော့၊၊ သဘောဖြောင်သောသူတို့ ရွှင်လန်းစွာ သီချင်းဆိုကြလော့၊၊
ဆာလံကျမ်း အခန်းကြီး ၃၃ (Ps 33:22);
၂၂ အိုထာဝရဘုရား အကျွန်ုပ်တို့သည် ကိုယ်တော်ကိုကိုးစားသည်နှင့်အညီ အကျွန်ုပ်တို့အပေါ်မှာ ဂရုဏာတော်သက် ရောက်ပါစေသော။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၁၂ (Luke 12:1-7);
၁ ထိုအခါအတိုင်းမသိများစွာသောလူတို့သည် စုဝေး၍ အချင်းချင်း နင်းမိမတတ်နေကြသည်ရှိသော်၊ ယေရှုသည် တပည့်တော်တို့အားမိန့်တော်မူသည်ကား၊ လျှို့ဝှက်ခြင်းတည်း ဟူသောဖာရိရှဲတို့၏ တဆေးကို ရှေ့ဦးစွာ ကြဉ်ရှောင်ကြလော့။
၂ ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ ဆိတ်ကွယ်ရာ၌ရှိသမျှ တို့သည်လည်း ထင်ရှားလိမ့် မည်။
၃ မှောင်မိုက်၌သင်တို့ပြောသမျှသောအရာများကို သူတပါးတို့သည် အလင်း၌နားကြားကြလိမ့်မည်။ သင်တို့ သည်အခန်းထဲမှာနားအပါး၌ ပြောသောအရာများကို အိမ်မိုးပေါ်မှာ ဟစ်ကြော်ကြလိမ့်မည်။
၎ ငါ့အဆွေတို့၊ သင်တို့အားငါဆိုသည်ကား၊ ကိုယ်ခန္ဓွာကိုသတ်၍ နောက်တဖန် အလျှင်းမပြုနိုင်သော သူတို့ကိုမကြောက်ကြနှင့်။
၅ အဘယ်သူကိုကြောက်ရမည်နည်း ဟူမူကား၊ ကိုယ်ခန္ဓွာ ကိုသတ်ပြီးမှ ငရဲထဲသို့ချနိုင်သောသူကို ကြောက်ကြလော့။ ငါအမှန်ဆိုသည်ကား၊ ထိုသူကိုကြောက်ကြလော့။
၆ စာငှက်ငါးကောင်ကို အဿရိနှစ်ပြားအဘိုးနှင့် ဝယ်ရသည် မဟုတ်လော။ ထိုစာငှက်တကောင်ကိုမျှ ဘုရားသခင်မေ့လျော့တော်မမူ။
၇ သင်တို့ဆံပင်သည်လည်း အကုန်အစင် ရေတွက်လျက်ရှိ၏။ ထိုကြောင့် မကြောက်ကြနှင့်။ သင်တို့သည် စာငှက်အများတို့ထက်သာ၍ မြတ်ကြ၏။