Sun the 12th: Psalter II, Ordinary Time Week 6.
Sir 15:16-21 ; Ps 119:1-34; 1 Cor 2:6-10; Matt 11:25; Matt 5:17-37
ဆီရပ်ခ်၏နီတိဒေသနာကျမ်း အခန်းကြီး Sir 15:16-21
၁၆။ ကိုယ်တော်သည် သင်၏ရှေ့တွင် မီးနှင့် ရေကိုချထား ပေးလေပြီ။
၁၇။ သင်ကြိုက်နှစ်သက်ရာကိုရွေးချယ်၍သင်၏လက်နှစ်ဘက်ကိုဆန့်တန်းလေလော့။
၁၈။ လူ၏ရှေ့တွင် အသက်ရှင်ခြင်းနှင့် သေခြင်းကို ထား လေပြီ။ သူနှစ်သက်ရွေးချယ်ရာကို သူ့အား ပေးလိမ့်မည်။
၁၉။ ကိုယ်တော်၏ Óဏ်ပညာတော်သည် ကြီးမား ကျယ်ပြန့်တော်မူ၏။ ကိုယ်တော်သည် ဘုန်းတန်ခိုး အားလုံးစုံနှင့် ပြည့်စုံတော်မူ၍ အရာရာကို မြင်နိုင်တော်မူ၏။
၂၀။ မိမိကို ကြောက်ရွံ့ရိုသေသော သူတို့အား ကိုယ်တော်သည် ကြည့်ရှု စောင်မတော်မူ၍ လူသား ကြုပသမျှ မည်သည့် လုပ်ရပ်ကိုမဆို ကိုယ်တော်သိ မြင်တော်မူ၏။
၂၁။ ကိုယ်တော်သည် မည်သူ့ကိုမျှ ဆိုး သွမ်းမိုက်မဲရန် အမိန့်ပေးတော် မမူချေ။ ထိုနည်းတူ မည်သူ့ကိုမျှလည်း အပြစ်ကျူးလွန်ရန် အခွင့်ပေး တော်မူသည် မဟုတ်ချေ။
ဆာလံကျမ်း အခန်းကြီး ၁၁၉ (Ps 119:1-34);
၁ ထာဝရဘုရား၏ တရားလမ်း၌ မလွဲမတိမ်း လိုက်သွားသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
၂ သက်သေခံတော် မူချက်ကို စောင့်၍ ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာသောသူတို့သည် မင်္ဂလာရှိကြ၏၊၊
၃ ထိုသူတို့သည် ဒုစရိုက် ကိုမပြု လမ်းခရီးတော်၌ လိုက်သွားတတ်ကြ၏၊
၎ အကျွန်ုပ်တို့သည် ကြိုးစား၍ ကျင့်ဘိုရာ ကိုယ်တော်သည် သြဝါ ဒ ပေးတော်မူပြီ၊၊
၅ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်နိုင်မည်အကြောင်း၊ အကျွန်ုပ်သည် လမ်းဖြောင့် ပါစေသော၊
၆ အကျွန်ုပ်သည် ပညတ်တော်အလုံးစုံတို့ကို ထောက်ထားသောအခါ ရှက်ကြောက်ခြင်းနှင့် ကင်းလွတ်ရပါ၏၊
၇ ဖြောင့်မတ်စွာ စီရင်တော်မူချက်များကို အကျွန်ုပ်လေ့ကျင့်ပြီးမှ ဂုဏ်တော်ကို ဖြောင့်သောသဘောနှင့် ချီးမွမ်းပါမည်။
၈ ကိုယ်တော်၏ အထုံးအဖွဲ့များကို စောင့်ပါမည်၊၊ အကျွန်ုပ်ကို ရှင်းရှင်းစွန့်ပစ်တော်မမူပါနှင့်၊၊
၉ လူပျိုသည် မိမိသွားသောလမ်းကို အဘယ်သို့ သန့်ရှင်းစေနိုင်ပါမည်နည်း၊ ဟူမူကား နှုတ်ကပတ်တော် အတိုင်း သတိပြုရမည်၊၊
၁၀ အကျွန်ုပ်သည် ကိုယ်တော်ကို စိတ်နှလုံးအကြွင်းမဲ့ရှာပါ၏၊၊ ပညတ်တော်လမ်းမှ လွဲစေတော် မမူပါနှင့်၊၊
၁၁ ကိုယ်တော်ကို မပြစ်မှားဘဲ နေနိုင်မည်အကြောင်း ဗျာဒိတ်တော်ကို နှလုံးထဲမှာ သိုထားပါပြီ၊၊
၁၂ အို ထာဝရဘုရား ကိုယ်တော်သည် မင်္ဂလာရှိတော်မူ၏၊၊ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌ သွန်သင်တော်မူပါ၊၊
၁၃ စီရင် တော်မူရာ နှုတ်တော်ထွက်အလုံးစုံတို့ကို အကျွန်ုပ်သည် ကိုယ်နှုတ်နှင့် ဟောပြောပါ၏၊၊
၁၄ ခပ်သိမ်းသော စည်းစိမ် ဥစ္စာကို ရဘိသကဲ့သို့ သက်သေခံတော်မူရာလမ်း၌ ဝမ်းမြောက်ပါ၏၊၊
၁၅ ပေးတော်မူသော သြဝါဒကိုဆင်ခြင်၍ လမ်း ခရီးတော်တို့ကို ကြည့်ရှုပါ၏၊၊
၁၆ အထုံးအဖွဲ့တော်တို့၌ မွေ့လျော်ပါ၏၊၊ နှုတ်ကပတ်တော်ကို မမှတ်ဘဲမနေပါ။
၁၇ ကိုယ်တော်၏ ကျွန်သည် အသက်ရှင်၍ နှုတ်ကပတ်တော်ကို စောင့်နိုင်ပါမည်အကြောင်း ကျေးဇူးပြုတော် မူပါ၊၊
၁၈ တရားတော်၌ အံ့ဘွယ်သောအရာတို့ကို မြင်နိုင်ပါမည်အကြောင်း အကျွန်ုပ်၏ မျက်စိတို့ကို ဖွင့်တော်မူပါ၊
၁၉ အကျွန်ုပ်သည် မြေကြီးပေါ်မှာ ဧည့်သည်ဖြစ်ပါ၏၊၊ ပညတ်တော်တို့ကို ဝှက်ထားတော်မမူပါနှင့်၊၊
၂၀ စီရင်တော်မူချက်တို့ ကို အစဉ်မပြတ် တောင့်တသော အားဖြင့် အကျွန်ုပ်၏ စိတ်နှလုံး ကြေကွဲလျက် ရှိပါ၏၊၊
၂၁ မာနကြီးသောသူနှင့် ပညတ်တော်တို့ကို လွန်ကျူး၍ အကျိန်ခံရသော သူတို့ကို ကိုယ်တော်ဆုံးမတော်မူ၏၊၊
၂၂ အကျွန်ုပ်သည်သက်သေ ခံတော်မူချက် တို့ကို စောင့်ပါသည်ဖြစ်၍ ကဲ့ရဲ့ခြင်း မထီမဲ့မြင်ပြုခြင်းနှင့် ကင်းလွတ်စေတော်မူပါ၊၊
၂၃ မင်းတို့သည် အကျွန်ုပ်တဘက်၌ ထိုင်၍ ပြောကြပါ၏၊၊ ကိုယ်တော်၏ ကျွန်မူကား အထုံးအဖွဲ့တော်တို့ကို ဆင်ခြင်လျက် နေပါ၏။
၂၄ သက်သေခံတော် မူချက်တို့သည် အကျွန်ုပ်မွေ့လျော်ရာ အကျွန်ုပ်တိုင်ပင်ရာ ဖြစ်ကြပါ၏၊၊
၂၅ အကျွန်ုပ်အသက်သည် မြေမှုန့်၌ မှီဝဲလျက် ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်စေတော် မူပါ၊၊
၂၆ အကျွန်ုပ်သည် ကိုယ်အကျင့်တို့ကို ဘော်ပြ၍ ကိုယ်တော်သည် နားထောင်တော်မူပြီ။ အထုံးအဖွဲ့တော်တို့ကို အကျွန်ုပ်၌သွန်သင်တော်မူပါ။
၂၇ ပေးတော်မူသော သြဝါဒလမ်းကို အကျွန်ုပ်နားလည် စေတော်မူပါ၊၊ သို့ပြုလျှင် အံ့ဘွယ်သော အမှုတော်တို့ကို ဆင်ခြင်အောက်မေ့ပါမည်၊၊
၂၈ အကျွန်ုပ်ဝမ်းနည်းခြင်း အားဖြင့် စိတ်နှလုံးအရည်ယိုလျက် ရှိပါ၏၊၊ နှုတ်ကပတ်တော်အတိုင်း တည်ကြည်စေတော်မူပါ။
၂၉ မုသာလမ်းကိုအကျွန်ုပ် ရှောင်ပါမည်အကြောင်း ကယ်မ၍ တရားတော်ကို ပေးသနားတော်မူပါ၊၊
၃၀ သစ္စာလမ်းကို အကျွန်ုပ်ရွေးပါပြီ၊၊ စီရင်တော်မူချက်တို့ကို အကျွန်ုပ်ရှေ့မှာ ထားပါပြီ၊၊
၃၁ သက်သေခံတော် မူချက်တို့၌ မှီဝဲပါပြီ၊၊ အို ထာဝရဘုရား အရှက်ကွဲစေတော်မမူပါနှင့်၊၊
၃၂ အကျွန်ုပ်ဥာဏ်ကို ပွင့်စေတော် မူသည်ဖြစ်၍ ပညတ်တော်လမ်းသို့ အလျှင်အမြန် လိုက်ပါမည်၊၊
၃၃ အိုထာဝရဘုရား၊ အထုံးအဖွဲ့တော်လမ်းကို အကျွန်ုပ်အားသွန်သင်တော်မူပါ၊၊ အဆုံးတိုင်အောင် လိုက်သွားပါမည်၊
၃၄ ဥာဏ်ကို ပေးတော်မူပါ၊ တရားတော်ကို စောင့်ပါမည်၊၊ စိတ်နှလုံးကို အကြွင်းမဲ့ စောင့်ပါမည်၊၊
ကောရိ န္တု သြဝါဒစာပဌမစောင် အခန်းကြီး ၂ (1 Cor 2:6-10);
၆ သို့သော်လည်း၊ စုံလင်သောသူတို့အားငါတို့သည် ပညာစကားကို ဟောပြော၏။ ထိုသို့ဆိုသော်၊ လောကီပညာကိုမဆိုလို။ ပြယ်ပျောက်တတ်သော လောကီမင်းတို့၏ ပညာကိုမဆိုလို။
၇ ဤကမ္ဘာမတည်မရှိမှီ၊ ငါတို့၏ဘုန်းအသရေဖြစ်စေခြင်းငှါ၊ ဘုရားသခင်စီရင်တော်မူသောပညာ၊ နက်နဲသောအရာ၌ ဝှက်ထားသော ဘုရားသခင်၏ ပညာကိုငါတို့သည်ပြသကြ၏။
၈ ထိုပညာကို လောကီမင်းတစုံတယောက်မျှမသိ။ သိလျှင်၊ ဘုန်းကြီး တော်မူသောသခင်ကိုလက်ဝါးကပ်တိုင်မှာ မကွပ်မျက်ကြပြီ။
၉ ကျမ်းစာလာသည်နှင့် အညီ၊ ဘုရားသခင်ကို ချစ်သော သူတို့အဘို့အလိုငှါ၊ ဘုရားသခင်ပြင်ဆင်တော်မူသောအရာတို့ကို လူမျက်စိဖြင့်မမြင်၊ နားဖြင့်မကြား၊ စိတ်နှလုံးဖြင့် မကြံစည်သေး။
၁၀ ထိုအရာတို့ကို ဘုရားသခင်သည် မိမိဝိညာဉ်တော်အားဖြင့် ငါတို့အား ဘော်ပြ တော်မူ၏။ ဝိညာဉ်တော်အားဖြင့် ဘုရားသခင်၏ နက်နဲသော အရာတိုင်အောင် ခပ်သိမ်းသောအရာတို့ကို စစ်တော်မူ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၁၁ (Matt 11:25);
၂၅ ထိုအခါယေရှုက၊ ကောင်းကင်နှင့်မြေကြီးကိုအစိုးရတော်မူသောအဘ၊ ကိုယ်တော်သည်ပညာ အလိမ္မာနှင့် ပြည့်စုံသောသူတို့အား ဤအရာများကိုထိမ်ဝှက်ကွယ်ထားလျက် သူငယ်တို့အားဘော်ပြတော် မူသည်ဖြစ်၍၊ ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းပါ၏။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၅ (Matt 5:17-37);
၁၇ ပညတ္တိကျမ်း၊ အနာဂတ္တိကျမ်း များကို ဖျက်ပယ်ခြင်းငှါ ငါလာသည်ဟုမထင်ကြနှင့်။ ဖျက်ပယ်ခြင်းငှါ ငါလာသည်မဟုတ်။ ပြည့်စုံခြင်းငှါ ငါလာသည်တည်း။
၁၈ ငါအမှန်ဆိုသည်ကား၊ ကောင်းကင်နှင့် မြေကြီးမပျက်စီးမှီ တိုင်အောင်၊ ပညတ္တိကျမ်း၌ အငယ်ဆုံးသောစာလုံး ဗိန္ဓုတလုံးမျှပြည့်စုံခြင်းသို့ မရောက်မှီမပျက်စီးရ။
၁၉ ထိုကြောင့် အကြင်သူသည်၊ အငယ်ဆုံးသောပညတ်တခုကို ကိုယ်တိုင်လွန်ကျူး၍ သူတပါးတို့အားလည်း ထို့အတူသွန်သင်၏၊ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ အငယ်ဆုံးသော သူဖြစ်လိမ့်မည်။ အကြင်သူသည် ကိုယ်တိုင်ကျင့်၍ သူတပါး တို့အားလည်းသွန်သင်၏၊
၂၀ ထိုသူသည် ကောင်းကင်နိုင်ငံတော်၌ ကြီးသောသူဖြစ်လိမ့်မည်။ သင်တို့ကျင့်သော အကျင့်သည် ဖာရိရှဲတို့နှင့် ကျမ်းပြုဆရာတို့ ကျင့်သောအကျင့်ထက်မလွန်မသာလျှင်၊ သင်တို့သည်ကောင်းကင် နိုင်ငံတော်သို့ မဝင်ရကြဟုငါအမှန်ဆို၏။
၂၁ လူအသက်ကိုမသတ်ရ။ သတ်သောသူသည် ရုံး၌အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏ ဟူသောရှေး ပညတ်စကား ကိုသင်တို့ကြားရပြီ။
၂၂ ငါပညတ်သည်ကား၊ ညီအစ်ကိုကို အထောက်မတန်အမျက်ထွက်သော သူသည် ရုံး၌အပြစ် စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကိုကို ကဲ့ရဲ့သောသူသည် လွှတ်တော်၌ အပြစ်စီရင်ခြင်းကိုခံထိုက်ပေ၏။ ညီအစ်ကို ကိုကျိန်ဆဲသောသူသည်ဂေဟင်္နာအရပ်၌မီးရှို့ခြင်းကိုခံထိုက်ပေ၏။
၂၃ ထိုကြောင့်သင်သည် ပူဇော်သက္ကာကို ယဇ်ပလ္လင်သို့ ဆောင်ယူခဲ့လျက် သင်၏ညီအစ်ကိုသည် သင်၌အပြစ်တင်ခွင့်တစုံတခုရှိသည်ဟု အောက်မေ့သတိ ရလျှင်၊ ယဇ်ပလ္လင်ရှေ့မှာ ပူဇော်သက္ကာကိုထား၍ သွားလော့။
၂၄ ညီအစ်ကိုနှင့်သင့်တင့်ပြီးမှ ပြန်၍ပူဇော်သက္ကာကို တင်လော့။
၂၅ တရားတွေ့ဘက်နှင့် အတူလမ်း၌သွားစဉ်တွင်ပင်၊ သူ၏စိတ်ကိုပြေစေခြင်းငှါ အလျင်အမြန်ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး၌အပ်မည်။ တရားသူကြီးသည်လည်း လုလင်ခေါင်း၌အပ်၍ ထောင်ထဲ၌ လှောင်ထားမည်။
၂၆ လျော်ပြစ်ငွေရှိသမျှကို မလျော်မှီတိုင်အောင် ထောင်ထဲကမထွက်ရဟုငါအမှန်ဆို၏။
၂၇ သူ့မယားကိုမပြစ်မှားရ ဟူသောရှေးပညတ်စကားကို သင်တို့ကြားရပြီ။
၂၈ ငါ့ပညတ်သည်ကား ကိလေသာစိတ်နှင့်သူ့မယားကိုကြည့်ရှုသောသူသည် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့်ပြစ်မှားပြီ။
၂၉ ထိုကြောင့် လက်ျာ မျက်စိဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင် ထိုမျက်စိကိုထုတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ ချခြင်းကိုခံရသည်ထက် အင်္ဂါတခုပျက်သော် သာ၍ကောင်း၏။
၃၀ ထိုနည်းတူ လက်ျာလက်ဖြစ်သော်လည်း သင့်ကိုမှားယွင်းစေလျှင်၊ ထိုလက်ကိုဖြတ်ပစ်လော့။ တကိုယ်လုံးငရဲသို့ချခြင်းကိုခံရသည်ထက် အင်္ဂါတခုသာ ပျက်သော် သာ၍ကောင်း၏။
၃၁ တဖန်တုံ၊ မယားနှင့်ကွာလိုလျှင် ဖြတ်စာကို အပ်ပေးစေဟူသော ပညတ်စကားရှိပြီ။
၃၂ ငါပညတ်သည်ကား၊ မှားယွင်းခြင်းအကြောင်းမှတပါး အခြားသောအကြောင်းဖြင့်မိမိမယားနှင့် ကွာသော သူသည် မိမိမယားကိုမှားယွင်းစေ၏။ ကွာသောမိန်းမနှင့်စုံဘက်ခြင်းကိုပြုသောသူသည်လည်း သူ့မယားကို ပြစ်မှား၏။
၃၃ တဖန်တုံ၊ မဟုတ်မမှန်ဘဲလျက်ကျိန်ဆိုခြင်းကိုမပြုရ။ ကျိန်ဆိုခြင်းကိုပြုသည်အတိုင်း ထာဝရဘုရား ရှေ့တော်၌ တည်စေလော့ ဟူသောရှေးပညတ်စကားကိုသင်တို့ကြားရပြီ။
၃၄ ငါပညတ်သည်ကား၊ ကျိန်ဆိုခြင်းကိုအလျှင်းမပြုရ။ ကောင်းကင်ဘုံကိုတိုင်တည်၍မကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင်၏ ပလ္လင်တော်ဖြစ်သတည်း။
၃၅ မြေကြီးကို တိုင်တည်၍မကျိန်ရ။ မြေကြီးကား ဘုရားသခင်၏ခြေတော်တင်ရာ ခုံဖြစ်သတည်း။ ယေရုရှလင်မြို့ကိုတိုင်တည်၍ မကျိန်ရ။ မဟာမင်းကြီး၏မြို့တော်ဖြစ်သတည်း။
၃၆ ဆံခြည်တပင်ကိုမျှဖြူစေခြင်း၊ မည်းစေခြင်းငှါ မတတ်နိုင်သော်၊ ကိုယ်ဦးခေါင်းကို တိုင်တည်၍မကျိန်ရ။
၃၇ သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေလော့။ ဤထက်လွန်သောစကား သည် မကောင်းသောအရာနှင့်စပ်ဆိုင်ပေ၏။