Sat the 18th: Heb 11:1-7; Ps 145:1-11; Mark 9:6; Mark 9:1-13
ဟေဗြဲသြဝါဒစာ အခန်းကြီး ၁၁ (Heb 11:1-7);
၁ ယုံကြည်ခြင်းသည် မြော်လင့်သောအရာတို့ကို မျက်မှောက်ပြုခြင်းဖြစ်၏။ မမြင်သေးသောအရာတို့ကို သိမှတ်စွဲလမ်းခြင်း အကြောင်းဖြစ်၏။
၂ ထိုပါရမီကြောင့်၊ ရှေးလူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏။
၃ ယခုမြင်ရသောအရာတို့သည်၊ အရင်ထင်ရှားသောအရာထဲက မဖြစ်ဘဲ၊ လောကဓါတ်တို့သည် ဘုရားသခင်၏ အမိန့်တော်ကြောင့်သာ တည်သည်ကို ငါတို့သည် ယုံကြည်ခြင်းအားဖြင့် သိကြ၏။
၎ အာဗေလသည်၊ ကာဣန ပူဇော်သော ယဇ်ထက်သာ၍ မြတ်သောယဇ်ကို၊ ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်အား ပူဇော်၏။ ထိုသို့သော ယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ်သည်ဟု သက်သေခံတော်မူခြင်းကို ရလေ၏။ အဘယ်သို့နည်းဟူမူကား၊ သူလှူသော အလှူကို ဘုရားသခင်သည် လက်ခံတော်မူ၏။ သို့ဖြစ်၍၊ အာဗေလသည် သေလွန်သော်လည်း ယခုပင် တရား ဟောသေး၏။
၅ ဧနောက်သည် ယုံကြည်ခြင်းအားဖြင့် သေခြင်းနှင့်လွတ်၍ ဘဝပြောင်းရ၏။ ဘုရားသခင်သည် သူ့ကို ဘဝပြောင်းစေတော်မူသောကြောင့်၊ သူသည် နောက်တဖန်မပေါ်မရှိ။ သူသည် ဘဝမပြောင်းမှီ ဘုရားသခင်၏ စိတ်တော်နှင့် တွေ့သောသူဖြစ်သည်ဟု သက်သေခံခြင်းကို ရလေ၏။
၆ ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏ စိတ်တော်နှင့် မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော် မူသည်ကို၎င်း၊ ကိုယ်တော်ကို ရှာသောသူအား အကျိုးပေး တော်မူသည်ကို၎င်း၊ ယုံကြည်ရမည်။
၇ နောဧသည် မမြင်သေးသော အမှုအရာတို့ကို ဘော်ပြသော ဗျာဒိတ်တော်ကို ခံရပြီးမှ၊ ယုံကြည်ခြင်းအားဖြင့် ကြောက်ရွံ့သော စိတ်ရှိ၍၊ မိမိအိမ်သူအိမ်သားတို့ကို ကယ်တင်ခြင်းငှါ သင်္ဘောကိုတည်လေ၏။ ထိုသို့ယုံကြည်ခြင်းအားဖြင့် လောကီ သားတို့ကို အပြစ်တင်၍ ယုံကြည်ခြင်းနှင့်ယှဉ်သော ဖြောင့်မတ်ခြင်းကိုလည်း အမွေခံရ၏။
ဆာလံကျမ်း အခန်းကြီး ၁၄၅ (Ps 145:1-11);
၁ အကျွန်ုပ်၏ရှင်ဘုရင် အကျွန်ုပ်၏ဘုရားသခင် ကိုယ်တော်ကို မြှောက်ပါမည်၊၊ ကမ္ဘာအဆက်ဆက် နာမတော်ကို ကောင်းကြီးပေးပါမည်၊၊
၂ ကိုယ်တော်ကိုနေ့တိုင်းအစဉ် ကောင်းကြီးပေးပါမည်၊၊ နာမတော်ကို ကမ္ဘာအဆက်ဆက် ချီးမွမ်းပါမည်၊၊
၃ ထာဝရဘုရားသည် ကြီးမြတ်၍အလွန်ချီးမွမ်းဘွယ် ဖြစ်တော်မူ၏၊၊ ကြီးမြတ်တော် မူခြင်းကိုစစ်၍မကုန်နိုင်၊၊
၎ အမှုတော်တို့ကို လူမျိုးအဆက်ဆက် တို့သည်ချီးမွမ်း၍ တန်ခိုးတော်များကို ဟောပြောကြပါ လိမ့်မည်၊၊
၅ အကျွန်ုပ်သည်လည်း ဘုန်းတန်ခိုး အာနုဘော်တော်ကို၎င်း၊ အံ့ဘွယ်သောအမှုတော် တို့ကို၎င်း မြွက်ဆိုပါ ၏၊၊
၆ သူတို့သည်ကြောက်မက်ဘွယ်သော အမှုတို့၌ပါသော တန်ခိုးကိုမြွက်ဆို၍ အကျွန်ုပ်သည်လည်း ကြီးမြတ်တော်မူ ခြင်း အကြောင်းကို ကြားပြောပါမည်၊၊
၇ သူတို့သည်အလွန်ကောင်းမြတ်တော်မူခြင်းကို အောက်မေ့ဘို့ရာ မြွက်ဆို၍ ဖြောင့်မတ်တော်မူခြင်း အရာကိုရွှင်လန်းစွာ သီချင်းဆိုကြလိမ့်မည်၊၊
၈ ထာဝရဘုရားသည် ကျေးဇူးပြုတတ်သောသဘော သနားစုံမတ်တတ်သော သဘောနှင့်ပြည့်စုံ၍ ခန္တီတော် နှင့် ကရုဏာတော်သည် အလွန်ကြွယ်ဝပါ၏၊၊
၉ ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့အား ကျေးဇူးပြုချင်သော သဘောရှိ၍ ဖန်ဆင်းတော်မူသမျှတို့ကို သနားစုံမက်တော်မူ၏၊၊
၁၀ အိုထာဝရဘုရား ဖန်ဆင်းတော်မူသမျှတို့သည် ဂုဏ်တော်တို့ကိုပြ၍ ကိုယ်တော်၏သန့်ရှင်းသူတို့သည် ကောင်းကြီးပေးကြ ပါ၏၊၊
၁၁ နိုင်ငံတော်၏ ဘုန်းကို၎င်း၊ တန်ခိုးတော်ကို၎င်း၊ ဟောပြောမြွက်ဆိုသဖြင့်၊
၁၂ တန်ခိုးပါသော အမှုတော်များနှင့် နိုင်ငံတော်၏ဘုန်းအသရေများကို လူသားတို့ အား ဘော်ပြကြပါ၏၊၊
ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:6);
၆ တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့ လျှောက်သတည်း။
ရှင်မာကုခရစ်ဝင် အခန်းကြီး ၉ (Mark 9:1-13);
၁ ငါအမှန်ဆိုသည်ကား၊ ဘုရားသခင်၏နိုင်ငံတော်သည် တန်ခိုးနှင့်တကွ တည်ကြောင်းကို ဤအရပ်၌ ရှိသောသူအချို့တို့သည် မမြင်မှီသေခြင်းသို့မရောက်ရကြဟု မိန့်တော်မူ၏။
၂ ခြောက်ရက်လွန်သောအခါ ယေရှုသည် ပေတရု၊ ယာကုပ်၊ ယောဟန်တို့ကိုခေါ်၍၊ အခြားသူမပါဘဲ မြင့်လှစွာသောတောင်ပေါ်တွင် ဆိတ်ကွယ်ရာအရပ်သို့ ဆောင်ကြွတော်မူ၏။ သူတို့၏ရှေ့၌ ထူးခြားသော အဆင်းအရောင်နှင့် ပြည့်စုံသည်ဖြစ်၍၊
၃ အဝတ်တော်လည်း ပြောင်လက်လျက်၊ ဤမြေပေါ်၌ အဘယ်ခဝါသည်မျှ မတက်နိုင်အောင် မိုဃ်းပွင့်ကဲ့သို့ အလွန်ဖြူလျက်ရှိ၏။
၎ မောရှေနှင့် ဧလိယသည် ထင်ရှား၍ ယေရှုနှင့်အတူ စကားပြောလျက်ရှိ၏။
၅ ထိုအခါ ပေတရုက၊ အရှင်ဘုရား၊ ဤအရပ်၌ နေဘွယ်ကောင်းပါ၏။ ကိုယ်တော်ဘို့ တဲတဆောင်၊ မောရှေဘို့တဆောင်၊ ဧလိယဘို့တဆောင်၊ တဲသုံးဆောင်ကို အကျွန်ုပ်တို့ ဆောက်လုပ်ပါရစေ ဟုလျှောက်လေ၏။
၆ တပည့်တော်တို့သည် အလွန်ကြောက်သောကြောင့် ပေတရုသည် ယောင်ယမ်း၍ ထိုသို့ လျှောက်သတည်း။
၇ ထိုအခါ မိုဃ်းတိမ်သည် သူတို့ကိုလွှမ်းမိုး၍၊ ဤသူသည် ငါ၏ချစ်သားပေတည်း။ သူ၏ စကားကိုနားထောင်ကြလော့ဟု မိုဃ်းတိမ်က အသံတော်ဖြစ်လေ၏။
၈ ထိုခဏခြင်းတွင် တပည့်တော်တို့သည် ပတ်လည်သို့ကြည့်ရှုလျှင် မိမိတို့နှင့်အတူ ယေရှုတယောက်တည်းမှတပါး အဘယ်သူကိုမျှမမြင်ကြ။
၉ တောင်ပေါ်မှာဆင်းကြသောအခါ ကိုယ်တော်က၊ လူသားသည် သေခြင်းမှမထမြောက်မှီတိုင်အောင် သင်တို့ယခုမြင်သောအရာကို အဘယ်သူအားမျှ မကြားမပြောကြနှင့်ဟု တပည့်တော်တို့ကို ပညတ်တော်မူ၏။
၁၀ တပည့်တော်တို့သည် ထိုစကားကိုမှတ်မိ၍ သေခြင်းမှထမြောက်ခြင်းသည် အဘယ်သို့ဆိုလိုသနည်းဟု အချင်းချင်းဆွေးနွှေးမေးမြန်းကြ၏။
၁၁ ထိုအခါ တပည့်တော်တို့က၊ ဧလိယသည် အရင်လာမည်ဟု ကျမ်းပြုဆရာ တို့သည် အဘယ်ကြောင့်ဆိုပါသနည်းဟု မေးလျှောက်ကြလျှင်၊
၁၂ ကိုယ်တော်က၊ ဧလိယသည်အရင်လာ၍ အလုံးစုံတို့ကို ပြုပြင်ရသည်မှန်ပေ၏။ လူသားသည်လည်း အလွန်ဆင်းရဲ၍ ကဲ့ရဲ့ပယ်ထားခြင်းကိုခံရမည်ဟု ကျမ်းစာလာ၏။
၁၃ ငါဆိုသည်ကား၊ ဧလိယသည် ရောက်လေပြီ။ သူ၏အကြောင်းကို ကျမ်းစာ၌ရေးထားသည် အတိုင်း လူများသည် သူ့အားပြုချင်သမျှကို ပြုကြပြီဟု မိန့်တော်မူ၏။