Mon the 27th: Dan 1:1-20; Dan 3:52-56; Matt 24:42, 44; Luke 21:1-4
ဒံယေလအနာဂတ္တိကျမ်း အခန်းကြီး ၁(Dan 1:1-20);
၁ ယုဒရှင်ဘုရင် ယောယကိမ်နန်းစံသုံးနှစ်တွင်၊ ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရုရှလင်မြို့သို့ ချီလာ၍ ဝန်းရံလေ၏။
၂ ထာဝရဘုရားသည် ယုဒရှင်ဘုရင် ယောယကိမ်မှစ၍ ဗိမာန်တော်တန်ဆာ အချို့တို့ကို နေဗုခဒ်နေဇာလက်သို့ အပ်နှံတော်မူ၍၊ ထိုတန်ဆာများကို နေဗုခဒ်နေဇာမင်းသည် ရှိနာပြည်၌ရှိသော မိမိဘုရား၏ ကျောင်းသို့ ယူသွားပြီးလျှင်၊ ရွှေတိုက်၌သွင်းထားတော်မူ၏။
၃ ထိုအခါ ရှင်ဘုရင်သည် မိန်းမစိုးအုပ် အာရှပေနတ်ကို ခေါ်တော်မူ၍၊
၎ မကောင်းသော လက္ခဏာကင်းလျက်၊ လှသောအဆင်းသဏ္ဌာန်နှင့် ပြည့်စုံ၍၊ ကောင်းသောဥာဏ်နှင့်တကွ အထူးထူး အပြားပြားသော အတတ်ပညာများ ကို လေ့ကျက်၍၊ နန်းတော်၌အမှုထမ်းခြင်းငှါ တတ်စွမ်းနိုင်သော လူပျိုတို့ကို ဣသရေလမင်းမျိုးမင်းသားထဲက ရွေးကောက်၍၊ ခါလဒဲဘာသာအတတ်ကို သင်စေဟု အမိန့်တော်ရှိ၏။
၅ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော် မူသော စပျစ်ရည်ကို နေ့တိုင်းပေး၍ သုံးနှစ်ကျွေးမွေးပြီးမှ၊ အမှုတော်ထမ်းရမည်အကြောင်း စီရင်တော်မူ၏။
၆ ထိုသူတို့တွင် ယုဒအမျိုးသား ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့သည် ပါကြ၏။
၇ မိန်းမစိုးအုပ်သည် ထိုသူတို့ကို အမည်နာမလဲ၍၊ ဒံယေလကို ဗေလတရှာဇာ၊ ဟာနနိကို ရှာဒရက်၊ မိရှေလကိုမေရှက်၊ အာဇရိကို အဗေဒနေဂေါ ဟု၊ အသီးအသီးအမည်သစ်ကို ပေး၏။
၈ ဒံယေလမူကား၊ ပွဲတော်မှကြွင်းသောအစာနှင့် သောက်တော်မူသော စပျစ်ရည်ကို မသောက် မစားဘဲ၊ ညစ်ညူးခြင်းကိုရှောင်မည်ဟု အကြံရှိ၍၊ မိမိကိုမညစ်ညူးစေမည်အကြောင်း၊ မိန်းမစိုးအုပ်ကို ခွင့်တောင်း၏။
၉ ဘုရားသခင် ပြုပြင်တော်မူသောအားဖြင့်၊ မိန်းမစိုးအုပ်သည် ဒံယေလကိုအလွန်ချစ် သနားသော်လည်း၊
၁၀ ငါ့သခင် ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကိုငါကြောက်၏။ သင်တို့အစားအသောက်ကို စီရင်တော်မူပြီ။ သင်တို့မျက်နှာသည် အရွယ်တူလူပျိုတို့၏မျက်နှာလောက် အဆင်းမလှသည်ကို မြင်တော်မူလျှင်၊ သင်တို့အ တွက် ငါသည်ရာဇဝတ်သင့်၍ အသက်မလွတ်၍ဟု ဒံယေလကိုပြောဆို၏။
၁၁ ထိုအခါ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့ကို ကြည့်ရှုစေခြင်းငှါ မိန်းမစိုးအုပ်ခန့်ထားသော စားတော်ကဲကို ဒံယေလက၊
၁၂ အကျွန်ုပ်တို့ စားသောက် စရာဘို့ ဟင်းသီးဟင်းရွက်နှင့် ရေကိုသာ ဆယ်ရက်ပတ်လုံးပေးစမ်းပါ။
၁၃ ထိုနောက်၊ အကျွန်ုပ်တို့မျက်နှာနှင့် ပွဲတော်မှ ကြွင်းသောအစာကို စားသောလူပျိုတို့၏မျက်နှာကို သခင်ရှေ့၌ စစ်တော်မူပါစေ။ ကိုယ်တော်တိုင်မြင်ပြီးမှ၊ အကျွန်ုပ် တို့ကို စီရင်တော်မူပါဟုပြောလျှင်၊
၁၄ စားတော်ကဲသည် ဝန်ခံ၍ ဆယ်ရက်စုံစမ်းလေ၏။
၁၅ ဆယ်ရက်စေ့လျှင် သူတို့ မျက်နှာသည် ပွဲတော်မှကြွင်းသော အစာကိုစားသော လူပျိုအပေါင်းတို့၏ မျက်နှာထက်အဆင်းလှ၍ ဖွံ့ဝလျက်ရှိ၏။
၁၆ ထိုအခါ စားတော်ကဲသည် သူတို့အစာကိုင်း၊ သူတို့သောက်ဘို့ စပျစ်ရည်ကိုင်း ရုပ်သိမ်း၍၊ ဟင်းသီးဟင်းရွက် နှင့်သာ ကျွေးမွေး၏။
၁၇ ဘုရားသခင်သည် ထိုလုလင် လေးယောက်တို့အား အထူးထူးသော သိပ္ပံအတတ်ပညာ တို့ကို သိစေခြင်းငှါ၊ ထိုးထွင်း၍နားလည်နိုင်သော ဥာဏ်သတ္တိကို ပေးသနားတော်မူ၏။ ဒံယေလသည်လည်း ဗျာဒိတ်ရူပါရုံနှင့် အိပ်မက်ကိုနားလည်နိုင်သော ဥာဏ်ပညာနှင့်ပြည့်စုံ၏။
၁၈ နန်းတော်သို့သွင်းစေငှါ ချိန်းချက်တော်မူသော အချိန်ရောက်သော်၊ မိန်းမစိုးအုပ်သည် လုလင်များ တို့ကို ခေါ်၍ နန်းတော်သို့သွင်းလေ၏။
၁၉ ရှင်ဘုရင်သည် ထိုလုလင်တို့နှင့် ဆွေးနွှေးမေးမြန်းတော်မူပြီးလျှင်၊ ဒံယေလ၊ ဟာနနိ၊ မိရှေလ၊ အာဇရိတို့နှင့်တူသော တယောက်မျှမရှိသောကြောင့်၊ သူတို့သည် အထံတော်၌ ခစားရသောအခွင့်အရာ ကိုရကြ၏။
၂၀ ရှင်ဘုရင်မေးတော်မူသမျှသော အတတ်ပညာကို ထိုလုလင်တို့သည် နိုင်ငံတော်၌ ရှိသမျှသော မာဂုပညာရှိ၊ ဗေဒင်တတ်များထက်သာ၍ ဆယ်ဆတတ်ကြသည်ကို တွေ့မြင် တော်မူ၏။ ဒံယေလသည် ကုရုမင်းကြီး နန်းစံပဌမနှစ်တိုင်အောင် ရှိနေသတည်း။
ဒါနီအဲလ်အနာဂတ္တိကျမ်း Dan 3:52-56;
၅၂။ တေးသီကျူးကြသည်မှာ ]]အို သခင်၊ တပည့်တော် တို့ ဘိုးဘေးများ၏ဘုရား ကိုယ်တော်အား ကောင်း ချီးမင်္ဂလာ ရှိတော်မူ၍ ကာလအဆက်ဆက် ချီးမွမ်း
၅၃။ ထောပနာ ရှိပါစေသော်။ ကိုယ်တော်၏ သန့်ရှင်း၍ ဘုန်းတော် ဂုဏ်တော်ရှိသော ဗိမာန်တော်၌ ကိုယ် တော်အား ကောင်းချီး မင်္ဂလာရှိပါစေသော်။ ကာလ အဆက်ဆက်ချီးမွမ်းထောပနာရှိပါစေသော်။
၅၄။ ကိုယ်တော်၏ နိုင်ငံတော်တည်ရှိရာ ရာဇပလ္လင်တော် အပေါ်၌ ကိုယ်တော်အား ကောင်းချီး မင်္ဂလာရှိပါ စေသော်။ ကာလအဆက်ဆက် ချီးမွမ်းထောပနာရှိ
၅၅။ ပါစေသော်။ ခေရုဘင်တမန်တို့ အပေါ်မှာ စံမြန်း တော်မူ၍ နက်ရှိုင်းရာတို့ကို ကြည့်ရှု့တော်မူသော ကိုယ်တော်အား ကောင်းချီးမင်္ဂလာ ရှိပါစေသော်။ ကာလအဆက်ဆက်ချီးမွမ်းထောပနာရှိပါစေသော်။
၅၆။ မိုးကောင်းကင် မျက်နှာကျက်၌ ကိုယ်တော်အား ကောင်းချီးမင်္ဂလာ ရှိပါစေသော်။ ကာလအဆက် ဆက် ချီးမွမ်း ထောပနာရှိပါစေသော်။
ရှင်မဿဲခရစ်ဝင် အခန်းကြီး ၂၄ (Matt 24:42, 44);
၄၂ သင်တို့အရှင်သည် အဘယ်အချိန်နာရီ၌ရောက်လာမည်ကိုသင်တို့မသိ သောကြောင့်စောင့်နေကြလော့။
၄၄ ထိုကြောင့်သင်တို့သည်ပြင်ဆင်လျက် နေကြလော့။ အကြောင်းမူကား၊ သင်တို့မထင်မမှတ်သော အချိန်နာရီ၌ လူသားသည် ကြွလာလိမ့်မည်။
ရှင်လုကာခရစ်ဝင် အခန်းကြီး ၂၁ (Luke 21:1-4);
၁ ထိုနောက် ကိုယ်တော်သည် မျှော်ကြည့်၍ ငွေရတတ်သောသူတို့သည် အလှူဒါနကို ဘဏ္ဍာတိုက်ထဲသို့ သွင်းချသည်ကိုမြင်တော်မူ၏။
၂ ဆင်းရဲသောမုဆိုးမတယောက်သည်လည်း ကြေးနီဒင်္ဂါး နှစ်ပြား သွင်းချသည်ကို မြင်တော်မူလျှင်၊
၃ ငါအမှန်ဆိုသည်ကား၊ ထိုဆင်းရဲသောမုဆိုးမသည် အခြား သူအပေါင်းတို့ထက်သာ၍ သွင်းချပြီ။
၎ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနှုတ်၍ ဘုရားသခင်၏ အလှူတော် စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်း ရဲလျက်ပင် မိမိအသက်မွေးစရာဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။